ဇလုံ တောင် ဘာထူးခြားလဲ


သမိုင်းဝင် ဂေါဒေါပလ္လင် ဇလုံတောင်တော် ဣစ္ဆာသယ ချမ်းသာကြီးဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့၏ မြောက်ဖက် ၁၅ မိုင် ခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၉၀ ပေမြင့်သော ဇလုံတောင်ပေါ်တွင် တင့်တယ်သပ္ပါယ်စွာ စံနေတော်မူလျှက်ရှိသည်။ သက္ကရာဇ် ၄၉၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်၍ နှစ်ပေါင်း ၉၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘုရာသမိုင်းစာအုပ်များ အဆိုအရ ဤကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တော်တောင်ဟု ခေါ်ဝေါ်ခဲ့ကြပြီး နောင်တွင် ဒေသခံများက ဇလုံမှောက်ထားသည်နှင့် တူ၍ ဇလုံတောင်ဟု ခေါ်ခဲ့ကြကြောင်း သိရသည်။ အရိမေတ္တယျ မြတ်စွာဘုရားသခင် တရားဦးဟောကြားမည့် နေရာဖြစ်၍ ““ဇလုံတောင်အရှင် စာရင်းမ၀င် လျှင် မေတ္တာရှင်နှင့် လွဲရမည် ”” ဟုစာဆိုရှိကြောင်းလည်း သိရသည်။
          ကျောက်တောင်ကြီး၏ ပုံသဏ္ဍာန်မှာ ခမည်းတော်တောင်နှင့် မယ်တော်တောင် ကျောက်လုံးကြီးနှစ်ခု ပူးတွဲတည် ရှိနေပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်၌ သားတော်တောင်နှင့် သမီးတော်တောင်များ ရှိနေပါသည်။ ကျောက်တောင်ထိပ်သို့ တက်သည့်အခါတွင် ခမည်းတော်တောင်နှင့် မယ်တော်တောင် တောင်ကြီးနှစ်လုံးကြားမှ အင်္ဂတေလှေကားထစ် ကလေးများအတိုင်း ကွေ့ဝိုက်၍ တက်ရပြီး  အတန်ငယ် ကျဉ်းကျပ်သော ကျောက်တံခါးဝ တစ်ခုကိုလည်း ကျော်ဖြတ်ရမည်ဖြစ်သည်။ ကုသိုလ်တရားနည်း၍ အကုသိုလ်များသူများ ယင်းတံခါးဝကိုပင် မကျော်နိုင် မ၀င်နိုင်ဟု ဒေသခံများက ဆိုကြ၏။
ဇလုံ တောင် ဘာထူးခြားလဲ
   မင်းတို့ပြောပြောနေတဲ့ အဲ့ဒီဇလုံတောင်က  ဘာကြီးများ ထူးခြားပါသလဲဆိုခဲ့ရင် ထူးခြားတာကတော့ ဇလုံတောင်တစ်ခုတည်းမဟုတ်သလို သူ့ရဲ့ သဘာဝ အလှတရားတွေအကုန်ထည့်ပြောရတော့မှာပါ။ ဇလုံတောင် တည်ရှိရာ ဗန်းမောက်မြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် အဆုံး နဲ့ ကချင်ပြည်နယ် အစပ်ဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်ဟာဆိုရင် ကဒူး၊ ကနန်းဆိုတဲ့  တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ ဒေသဖြစ်ပါတယ်။

ကဒူး/ ကနန်း တိုင်းရင်းသားလူမျိုးစု
 တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာဖြစ်တဲ့အတွက် ကဒူးစကား နဲ့ ကဒူးရိုးရာကို လေ့လာနိုင်ပါတယ်။ ကဒူး၊ ကနန်းလူမျိုးကတော့ ဗမာ လူမျိုးစုထဲ ထည့်ထားခံရတဲ့ လူမျိုးစုငယ် တစ်ခုအဖြစ်သာ ဖော်ပြလို့ တစ်နိုင်ငံလုံး အသိနည်းပါတယ်။ မြန်မာပြည်အထက်ပိုင်း ကျွန်မတို့နဲ့ကချင်ပြည်နယ်က လူတွေပဲ သိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘာသာစကားဟာ ဗမာဘာသာစကား နဲ့ လုံးဝမတူကြပါဘူး။ သူတို့မှာ သူတို့နေထိုင်ခဲ့တဲ့ ရေမြေသဘာဝရဲ့ပြည့်စုံမှု ဦးနှောက်ကိုယ်ခန္တာ ကြံ့ခိုင်ဖွံ့ဖြိုးမှုတို့ကြောင့် ၄င်းတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကိုလည်း တည်ထွင်နိုင်ခဲ့ကြသူတွေပါ။ အဲ့ဒီဒေသကိုသွားမယ်ဆိုရင် ဗမာလိုမပြောပဲ ကဒူးလို ပြောနေကြတာကို တွေ့ရမှာပါ။ ကျောင်းတွေမှာလည်း ကလေးတွေ ကဒူးလို ပြောကြသလို ရွာထိပ်မှာ ဖြစ်လေ့ရှိတဲ့ ရန်ပွဲလည်း ကဒူးလို ဆဲဆိုဖြစ်ကြပါတယ်။ ကျွန်မကတော့ ၀န်းသို နယ်သားမို့လို့ ကဒူးစကားမတတ်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ ဘိုးဘွားတွေဟာ ပင်လည်ဘူး ဗန်းမောက် အနွယ်တွေဖြစ်ပြီး ကဒူးသွေးပါသူတွေဖြစ်ပေမယ့် နိုင်ငံရဲ့အခြေအနေနဲ့လူမျိုးရေးအရေးကြီးမှန်း ဂရု စိုက်မှု အားနည်းခဲ့ရမှု ကြောင့် သူတို့တွေ မှတ်ပုံတင်မှာ ဗမာလို့ပဲ အမည်ပေါက်ခံယူပါတယ်။ တစ်ချို့ ကဒူးစကားတတ်သူတော်တော်များများလည်း မှတ်ပုံတင်မှာ ကဒူးအစား ဗမာလို့ ပေးလာကြတာ တော်တော်များများ တွေ့နေရလို့  စကားနဲ့ လူရှိပြီး လူမျိုးပျောက်မှာ စိုးရိမ်ရတယ်လို့ ကျွန်မသူငယ်ချင်းနဲ့ သူ့မိသားစုက စိုးရိမ်စွာ ပြောကြပါတယ်။

ရိုးရာ၊ယဉ်ကျေးမှု 
 ရိုးရာတွေကတော့ ကျွန်မတို့ ၀န်းသိုနဲ့ တူပါတယ်။ မိန်းမကြီး (အမျိုးသမီးကြီးတွေဟာ ခေါင်းပေါင်းကြီးကို ပေါင်းတတ်ပါတယ်)။ ဟင်းပေါင်း ဟင်းလှော်စားတယ်၊ ရိုးရာ ပေါင်းအိုး (မြေအိုးသုံးတယ်)။ ခေါစီ ပေါင်းသင်းစားတယ်။ ဆန်စီး စားသူတွေပါ။ အိမ်တွေကတော့ ခြေတန်ရှေ အိမ်အကြီးအကြီးတွေပါ။ ကျွန်မတို့ ဒေသတစ်ဝိုက်ဟာ သစ် ၀ါး အလွန် ပေါလို့ အိမ်တိုင်ဆိုရင် သစ်လုံး အကြီးကြီးတွေနဲ့ ဆောင်တတ်ကြပါတယ်။ သစ်ပင်တစ်ပင်ကို အိမ်တိုင်တစ်လုံးဖြစ်ပြီး ဆောက်တဲ့ အိမ်အမျိုးအစားတွေက (၄ ပင် ၄ ပင်တိုင်များ ကနေ ၆ ပင် ၆ ပင်တိုင်အထိ ရှိပါတယ်။ ဆိုတော့ အိမ်တစ်အိမ်ဆောက်ရင် သစ်ပင်တွေ အများကြီး ကုန်ကျ တတ်ပါတယ်။

သဘာဝပတ်ဝန်းကျင်  

ဗန်းမောက်နယ် ရဲ့ သဘာဝန်ပတ်ဝန်းကျင်ဟာ တောကြီးတစ်တောထဲ ရောက်သွားသလို ခံစားရမှာပါ။ တောင်တွေကလည်း မျက်စိ တစ်ဆုံးရှိသလို သစ်တော သစ်ပင်တွေ အုတ်ဆိုင်းပြီး တော်တော် ရှားပါးလာပြီဖြစ်တဲ့ သဘာဝ ရဲ့ အရာသာကို ရရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ဇလုံတောင် သွားပြီဆိုရင် ဗန်းမောက်နယ်ကို ၀င်တာနဲ့ တောင်တန်းတွေကို စတက်ရတော့တာပါပဲ။ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဇလုံတောင်ရောက်လို့ တောင်ပေါ်ကနေ လေးဘက် လေးတန် အရပ လေးမျက်နှာ ကို ကြည့်လိုက်မယ်ဆိုရင် အခုခေတ် မြန်မာနိုင်ငံမှာ တွေ့ရဖို့ ခက်ခဲလှတဲ့ သစ်တော သယံဇာတ ရှုခင်းမျိုးကို တွေ့ရမှာပါ။ လေးဖက်လုံးမှာ တောင်ကြီးတွေဟာ မျက်စိတစ်ဆုံးရှိနေပြီးတော့ အဖိုးတန် သစ်တော တော်ကလည်း ညှို့မှိုင်း စိမ့်လည့် နေမှာဖြပါတယ်။ တောတောင်သဘာဝကောင်းမှုကြောင့် တောတောင်က သဘာဝ အပင်တွေ ပန်းတွေရဲ့ အနံ့တွေ တောကောင်တွေရဲ့ ဂီတသံတွေ ကိုလည်း ကြားရသလို လူသံ စက်သံကို ကြားရမှာ မဟုတ်ပါဘူး။သဘာဝ စန်းချောင်းတွေကလည်း ပိုပြီးလှပအောင် အလှဆင်နေမှာပါ။ တောင်ခြေမှာတော့ ကဒူးရိုးရာ ဆေးမြစ်ခြောက်တွေ မြည်းလို့ရသလို လက်ဆောင်ဝယ်လို့လည်းရပါတယ်။ ကျွန်မတို့ဘက်မှာတော့ ဒီဆေးမြစ်တွေကို သဘာဝအားတိုးဆေးအနေနဲ့ ရေနွေနဲ့ ကြိုပြီး အိမ်တွေမှာ အမြဲဆောင် သောက်သုံးတတ်ကြပါတယ်။ 
ဇလုံတောင်  
ဇလုံတောင်ရဲ့ ပုံစံဟာ ဆိုရင် တောကြီး မျက်မည်းထဲက တောင်အကြီးကြီး တစ်လုံးပေါ်မှာ ဆင်အကြီးကြီး တစ်ကောင် ရပ်နေတာ ကြည့်နေတာနဲ့ တူမယ်ထင်ပါတယ်။  ဗန်းမောက်မြို့ထဲကနေ ကွေ့ဝိုက်ပြီး လာခဲ့ရတာမို့ တောင်ပေါ်က ကြည့်ရင် လမ်းကောက်ကောက် အကြောင်းရာ လေးတွေကို မြင်နေရမှာပါ။ ဇလုံတောင်ကို မရောက်ခင် အဝေးကကြည့်ရင်တော့ အရွယ်အစားက သေးတယ်လို့ထင်ရပေမယ့်..... နောက်တစ်ဆင့် တစ်ကွေ့ကွေ့ပြီး တောင်ကြီးကို ကြည့်လိုက်ရင်တော့ သင့်အနေနဲ့ မအံ့သြပဲ မနေနိုင်ပါဘူး။ ဒီကျောက်တုံးကြီးဟာ တော်တော် အမြှင့်ရှိသလို အရွယ်အစားကလည်း ကြီးမားပါတယ်။ ဒီကြီးမားတဲ့ ကျောက်လုံးကြီးအောက်မှာ ပေါက်နေတဲ့ သစ်ပင်တွေဟာဆိုရင် အရွယ်ရောက် အဖိုးတန် သစ်ပင်ကြီးတွေဖြစ်တဲ့ အတွက် တောင်ကြီးရဲ့ အရွယ်အစားကတော့ မျက်စိထဲ မြင်လို့ ရနိုင်မယ်ထင်ပါတယ်။
ဇလုံတောင်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ နှစ်စဉ် လာရောက်ကြလို့ အခုဆိုရင် လူတွေတော်တော် သိလာသလို ကဒူးတိုင်းရင်သား ရိုးရာတွေကိုလည်း လူတွေ သတိပြုမိလာပါပြီ။ 
ကျွန်မအနေနဲ့ လွမ်းမောမိသလို စိုးရိမ်မိတာကတော့ ဒီတောထဲက တောင်ကြီးတွေ နဲ့ သစ်ပင်ကြီးတွေ ကုန်သွားမှာ၊ ကဒူးတိုင်းရင်းသား စကား ရိုးရာပျောက်သွားမှာကို ကျွန်မ အင်မတန် စိုးရိမ်နှမျောမိပါတယ်။ ဒါကြောင့် ကျွန်မ ဒီခရီးကနေ ကျွန်မ နေအိမ် ၀န်းသိုမြို့နယ် အပြန်ရထားပေါ်မှာ စဉ်းစားရင်းဆုတောင်းမိတာက သူတို့တွေ ကမ္ဘာတည်သရွေ့ ထာဝရ တည်တံ့ပါစေ။ တည့်တံ့အောင် လုပ်ဆောင်ပါ့မယ်လို့............................... ပြောမိရင်း။

No comments:

Post a Comment